CELEBRITY

၅၂ နှစ်ပြည့်ပြီဖြစ်တဲ့ ဘောလီးဝုဒ်မင်းသားကြီး ရှာရွတ်ခန်း (Shah Rukh Khan)

Written by Chanlay2028

၁၉၆၅ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဘောလီးဝုဒ်မင်းသားကြီး ရှာရွတ်ခန်း (Shahrukh Khan) ဟာ အခုဆိုရင် (၅၂) နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။ ရှာရွတ်ခန်းဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ သာမန်လူဆင်းရဲ မိသားစုကနေ မွေးဖွားခဲ့ပါတယ်။ သူ့ဖခင်ဟာ ကားဒရိုင်ဘာဖြစ်ပေမယ့် သားဖြစ်သူကို ပညာတတ်ဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ လူချမ်းသာတွေသာ တက်နိုင်တဲ့ စိန့်ကိုလံဘီယာကျောင်း (St. Columba’s School) မှာ တက်စေခဲ့တယ်။ လူကုံထံအသိုင်းအဝိုင်းမှာ ဒရိုင်ဘာရဲ့သားဆိုတာ မျက်နှာမွဲလေးဖြစ်ခဲ့ရပါတယ်။

ငယ်စဉ်ကတည်းက အားကျခဲ့ရတဲ့ မင်းသားကြီးနဲ့

ငယ်စဉ်ဘဝ

ဘောလုံးနဲ့ ဟော်ကီဘက်မှာ ထူးချွန်ခဲ့တဲ့ ရှာရွတ်ခန်းကို “Sword of Honour” ဆိုတဲ့ ဆုတံဆိပ်ကို ရရှိခဲ့ပါတယ်။ ရှာရွတ်ခန်းဘဝမှာ ပထမဆုံးရရှိခဲ့တဲ့ ဆုတံဆိပ်ပါပဲ။ အတန်းထဲမှာ အဆင့်ကောင်းကောင်း ရတဲ့အခါ မိခင်ဖြစ်သူက ရုပ်ရှင်လိုက်ပြလေ့ရှိတယ်။ ရှာရွတ်ခန်း အကြိုက်ဆုံးသရုပ်ဆောင်တွေက ဒီလစ်ကူးမား (Dilip Kumar) ၊ အမီတာဘချမ်း (Amitabh Bachchan) နဲ့ မွမ်တက်ဇ် (Mumtaz) တို့ပါပဲ။

“ကျွန်တော် လူကြမ်းဖြစ်ချင်တယ် အမေ”

“ဟဲ့သား . . လူတွေက မင်းသားပဲဖြစ်ချင်ကြတာပါ”

“မင်းသားတွေဆိုတာထက် ပရိသတ်တွေ လက်ခုပ်တီးတောင် အထိုးခံရတဲ့ လူကြမ်းတွေကိုပဲ ပိုသဘောကျတယ် အမေ”

အဲဒီအချိန်တုန်းက ကြွေးကြော်ခဲ့တဲ့ ကလေးဟာ နောင်တစ်ချိန်မှာ Darr (1993) နဲ့ Duplicate (1998) ဇာတ်ကားတွေမှာ လူကြိုက်များခဲ့ပြီး Anjaam (1994) ဇာတ်ကားမှာ အကောင်းဆုံးလူကြမ်းသရုပ်ဆောင်ဆု (Filmfare Best Villain Award) ကို ရရှိတဲ့ ရှာရွတ်ခန်းဆိုတာ ဘယ်သူသိနိုင်မလဲ။ ၁၉၈၁ခုနှစ်မှာ ကင်ဆာရောဂါနဲ့ သူ့ဖခင်ကွယ်လွန်ခဲ့တော့ ရွှေတောင်ကြီးလဲပြိုသလို ခံစားခဲ့ရပါတယ်။

အထက်တန်းကျောင်းပြီးတာနဲ့ ဟန်ရှာဂ်ျကောလိပ် (Hansraj College) မှာ စီးပွားရေးပညာသင်ယူခဲ့ပါတယ်။ ကျောထောက်နောက်ခံမရှိခဲ့လို့ စားသောက်ဆိုင်သန့်ရှင်းရေးဘဝနဲ့ အပိုဝင်ငွေရှာရင်း ကျောင်းစရိတ်ကို ဖန်တီးခဲ့ရတယ်။ ကောလိပ်ကျောင်းသားတုန်းက ပြဇာတ်အဖွဲ့မှာ ပါဝင်ခဲ့ပြီး (Theatre Action Group – TAG) ကျောင်းကပွဲတွေမှာလည်း လူကြမ်းသရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ ဒါတွေဟာ ရှာရွတ်ခန်းရဲ့ အနုပညာခြေလှမ်းအစလို့ ဆိုနိုင်ပါတယ်။

Zee Cine Awards ကို လက်ခံနေတဲ့ ရှာရွတ်ခန်း

အနုပညာခြေလှမ်းအစ

ဘောလီးဝုဒ်လောကထဲမှာ အခြေချခဲ့တာက ၁၉၈၈ခုနှစ်မှုာ ရိုက်ကူးခဲ့တဲ့ Dil Dariya ရုပ်သံစီးရီးလို့ ပြောရမှာပါ။ ပြီးတော့ ရုပ်သံဇာတ်လမ်းတွဲတွေဖြစ်တဲ့ Circus (1989-1990) ၊ Doosra Keval (1989) နဲ့ Idiot (1990) တွေမှာ ပါဝင်ခဲ့သေးတယ်။ သူ့ရဲ့မိခင်ကတော့ ဆီးချိုရောဂါနဲ့ ၁၉၉၁ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီအချိန်တွေမှာ ဘောလီးဝုဒ်ပရိသတ်တွေက ရှာရွတ်ခန်းဆိုတာ ဖြူသလား၊ မဲသလား မသိသေးပါဘူး။ မိခင်ကွယ်လွန်ပြီးတဲ့နောက်မှာ ဘောလီးဝုဒ်လောကထဲကို ခြေစုံပစ်ဝင်ဖို့ နယူးဒေလီမြို့ကနေ မွမ်ဘိုင်းမြို့ကို ချီတက်ခဲ့ပါတယ်။

ဆယ်ကျော်သက်ဘဝ

ပွဲဦးထွက်အခြေအနေ

ရှာရွတ်ခန်းရဲ့ ပွဲဦးထွက်ဇာတ်ကားတော့ ၁၉၉၂ခုနှစ် ဖြန့်ချိခဲ့တဲ့ Deewana ပါပဲ။ ဒီဇာတ်ကားဟာ သူ့ခေတ်သူ့အခါက ဝင်ငွေကောင်းခဲ့ပြီး သူကိုယ်တိုင်လည်း အကောင်းဆုံးပွဲဦးထွက်သရုပ်ဆောင်ဆု (Filmfare Award for Best Male Debut) ကို ရရှိခဲ့ပါတယ်။ ၁၉၉၃ခုနှစ်မှာ Darr ဇာတ်ကားနဲ့ အကောင်းဆုံးလူကြမ်းဆုကို ရရှိဖို့ ဆန်ကာတင်ဝင်ခဲ့ပြီး Baazigar (1993) ဇာတ်ကားမှာတော့ အကောင်းဆုံးဇာတ်ဆောင်ဆု (Filmfare Award for Best Actor) ကို ပထမဆုံးအကြိမ်ရရှိခဲ့ပါတယ်။

Global Diversity Award ကို လက်ခံနေတဲ့ ရှာရွတ်ခန်း

အချစ်ရေး

ရှာရွတ်ခန်းဟာ ဂူရီချစ်ဘာ (Gauri Chibber) နဲ့ ရည်ငံခဲ့ပေမယ့် အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ သူ့ကို ဟိန္ဒူသမီးရှင်တွေက မကြည်ဖြူခဲ့ပါဘူး။ ရှာရွတ်ခန်းဟာ သမီးရှင်သဘောကျလောက်တဲ့ အနေအထားကို ရောက်တဲ့အချိန် (၁၉၉၁ခုနှစ် အောက်တိုဘာလ ၂၅ရက်) မှသာ လက်ထပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘာသာရေးအစွဲမရှိတဲ့ ရှာရွတ်ခန်းဟာ မင်္ဂလာပွဲမှာလည်း သမီးရှင်စိတ်ကြိုက် ဟိန္ဒူအခမ်းအနားနဲ့ပဲ ဆင်နွှဲခဲ့ပါတယ်။ မင်းသမီးတွေနဲ့ နီးနီးကပ်ကပ်နေထိုင်ခဲ့တဲ့ မင်းသားချောဖြစ်ပေမယ့် ရှာရွတ်ခန်းရဲ့သမိုင်းမှာ အရှုပ်အရှင်းမရှိခဲ့ပါဘူး။

ရှာရွတ်ခန်းတို့ ဇနီးမောင်နှံ

လူကြိုက်များတဲ့ ဇာတ်ကားများ

၁၉၉၅ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Dilwale Dulhania Le Jayenge ၊ ၁၉၉၈ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Kuch Kuch Hota Hai ၊ ၂ဝဝဝခုနှစ်မှာ ဖြန်ချိခဲ့တဲ့ Mohabbatein ၊ ၂ဝဝ၁ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Kabhi Khushi Kabhie Gham ၊ ၂ဝဝ၂ခုနှစ် ဖြန့်ချိခဲ့တဲ့ Devdas ၊ ၂ဝဝ၃ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Kal Ho Naa Ho ၊ ၂ဝဝ၄ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Swades ၊ ၂ဝဝ၆ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Don ၊ ၂ဝဝ၇ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Chak De! India ၊ ၂ဝ၁ဝခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ My Name Is Khan ၊၂ဝ၁၃ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Chennai Express ၊ ၂ဝ၁၄ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Happy New Year ၊ ၂ဝ၁၆ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Fan နဲ့ ၂ဝ၁၇ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Raees ဇာတ်ကားတွေဟာ လူကြိုက်များခဲ့ပါတယ်။

ရှာရွတ်ခန်းတို့ မိသားစု

ဆုတံဆိပ်အောင်မြင်မှု

ဘောလီးဝုဒ်ရဲ့အမြင့်ဆုံးဆုလို့ သက်မှတ်လို့ရတဲ့ အကယ်ဒမီဆု (Filmfare Award) ကို (၁၅) ကြိမ်အထိ ရရှိခဲ့ပြီးတော့ အကောင်းဆုံးဇာတ်ဆောင်ဆု (Filmfare Award for Best Actor) ကို (၈) ကြိမ်ရရှိထားပါတယ်။ အကောင်းဆုံးဇာတ်ဆောင်ဆုကို Baazigar (1993) ၊ Dilwale Dulhania Le Jayenge (1995) ၊ Kuch Kuch Hota Hai (1998) ၊ Mohabbatein (2001) ၊ Devdas (2002) ၊ Swades (2004) ၊ Chak De! India (2007) နဲ့ My Name is Khan (2010) ဇာတ်ကားတွေမှာ ရရှိခဲ့တာပါ။ ဘောလီးဝုဒ်ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးဇာတ်ဆောင်ဆုကို (၈) ကြိမ်အထိ အများဆုံးအရယူနိုင်ခဲ့တဲ့ မင်းသားတွေက ရှာရွတ်ခန်းနဲ့ ဒီလစ်ကူးမားပဲ ရှိပါသေးတယ်။ ဂန္တဝင်မင်းသားကြီး အမီတာဘချမ်းတောင် အကောင်းဆုံးဇာတ်ဆောင်ဆုကို (၅) ကြိမ်နဲ့ အမီရ်ခန်း (Aamir Khan) တောင် (၃) ကြိမ်အထိသာ ရရှိသေးတာဖြစ်ပါတယ်။ ဒါတွေအပြင် ရုပ်ရှင်အဖွဲ့အစည်းအမျိုးမျိုးက ချီးမြင့်တဲ့ ဆုတံဆိပ် (၂၈၄) ခုတောင် ရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်အသိုင်းအဝိုင်းမှ ဆင်းသက်လာတာ မဟုတ်ဘဲနဲ့ ဘောလီးဝုဒ်မှာ ထိပ်တန်းမင်းသားဖြစ်ခဲ့တာ ရှာရွတ်ခန်းနဲ့ အက်ရှေးကူးမား (Akshay Kumar) ပဲ ရှိပါသေးတယ်။

ခန့်ညားတဲ့ ရှာရွတ်ခန်း

စီးပွားရေးလုပ်ငန်း

ရှာရွတ်ခန်းဟာ Red Chillies Entertainment (RCE) ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ၂ဝဝ၃ခုနှစ်မှာ ထူထောင်ထားခဲ့ပြီး ထုတ်လုပ်လိုက်တဲ့ Main Hoon Na (2004) ၊ Om Shanti Om (2007) ၊ My Name Is Khan (2010) ၊ Ra One (2011) ၊ Chennai Express (2013) ၊ Happy New Year (2014) ၊ Dilwale (2015) နဲ့ Raees (2017) ဇာတ်ကားတွေဟာ ကြောက်ခမန်းလိလိ အောင်မြင်ခဲ့ပါတယ်။ Kolkata Knight Riders (KKR) ဆိုတဲ့ ခရစ်ကတ်အသင်းကိုလည်း ရှယ်ယာများစွာ ပိုင်ဆိုင်ထားပါသေးတယ်။ ရှာရွတ်ခန်းရဲ့ ၂ဝ၁၆ခုနှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ (၃၃) သန်းရှိပြီး ၂ဝ၁၇ခုနှစ်မှာ (၃၈) သန်းအထိ ရှိလာပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံးမင်းသားစာရင်းမှာ နံပါတ် (၈) နေရာမှာ ရှိနေပါတယ်။ ရှာရွတ်ခန်းရဲ့အသားတင်ကြွယ်ဝမှုကို အမေရိကန်ဒေါ်လာ သန်း (၆ဝဝ) လို့ သတ်မှတ်ထားပြီး လက်ရှိကမ္ဘာ့အချမ်းသာဆုံးမင်းသားဖြစ်နေပါတယ်။ လန်ဒန်၊ ဒူဘိုင်းနဲ့ နယူးယောက်မြို့တွေမှာလည်း ရှာရွတ်ခန်းပိုင်တဲ့ အိမ်ခြံမြေတွေ ရှိပါသေးတယ်။

“My Name is Khan” ဇာတ်ကားကြီး

ရှာရွတ်ခန်းဟာ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်း၊ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်ခဲ့လို့ နိုင်ငံတကာမှ ချီးမြင့်တဲ့ ဆုတံဆိပ်ပေါင်းများစွာကို ရရှိခဲ့ပါသေးတယ်။ နိဂုံးချုပ်အနေနဲ့ လောကဓံဆင်းရဲပေါင်းစုံကို ဖြတ်သန်းပြီးမှ ဘောလီးဝုဒ်စူပါးစတားကြီး ဖြစ်လာအောင် ကြိုးစားခဲ့ရတဲ့ ရှာရွတ်ခန်းဟာ (၅၂) နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ ချစ်မိသားစုနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။

Via : အခရာ

About the author

Chanlay2028

Leave a Comment

%d bloggers like this: