ALL NEWS

တရားမဝင် ကားများကို ဖမ်းဆီးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် သတိပေး

Written by Chanlay2028

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရန်ကုန်မြို့ အတွင်းရှိ တရားမဝင်ကားများကို ထောက်လှမ်းစုံစမ်းဖမ်းဆီးနိုင်ရန် မီးပွိုင့်စနစ်ကို ပြုပြင်လျက်ရှိပြီး ထိထိရောက်ရောက်ဖမ်း ဆီးသွားမည်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၂၇ ရက်တွင် ပြောသည်။ ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်၌ အောက်တိုဘာ ၂၇ ရက်ကကျင်းပပြုလုပ်သည့် ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ၏ (၁၁)ကြိမ်မြောက်ပုံမှန် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ”ရန်ကုန်မြို့ပေါ်မှာ များပြားလာ တဲ့လူဦးရေနဲ့အတူ ခရီးသွားလာရေးလုပ်ငန်းတွေ၊ ပုဂ္ဂလိကသုံးစွဲနေတဲ့ကားတွေ၊ တက္ကစီတွေဟာ အလွန်အင်မတန်များပါတယ်။ ဒါ့အပြင် တရားမဝင်ကားတွေဟာလည်း များစွာရှိနေပါတယ်။ ရန်ကုန်မှာရှိ နေတဲ့တရားမဝင်ကားတွေကိုဖမ်းဆီးနိုင်ဖို့အတွက်ကို မီးပွိုင့်စနစ်တွေအကုန်လုံးကို ပြုပြင်ပြီး ဒီနေရာကနေ ထောက်လှမ်းစုံ စမ်းနိုင်ဖို့အတွက် ပြင်ဆင်နေတာရှိပါတယ်။ မီးပွိုင့်တွေဟာ စနစ်တစ်ခုကို မတည်ဆောက်နိုင်သေးတဲ့အတွက် တချို့ဖမ်းဆီးမှုတွေ ကို ထိထိရောက်ရောက်မလုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ ဒီနေရာမှာကြုံကြိုက်တုန်း အသိ ပေးလိုတာက ရန်ကုန်မှာ တရားမဝင်ကား တွေနဲ့ပတ်သက်တဲ့အခြေအနေတစ်ခုကို နောက်ပိုင်းမှာ ထိထိရောက်ရောက်ဖမ်းဆီးဖို့ရှိပါတယ်”ဟု ပြောသည်။ ယင်းတရားမဝင်ကားများတွင် တရားမဝင်တင်သွင်းလာသောကားများအပြင် အပ်ကုန်စနစ်ဖြင့်တင်သွင်းထားသော ကားများလည်းပါဝင်နိုင်ကြောင်းသိရသည်။

ဦးဖြိုးမင်းသိန်းက ”တရားမဝင်ကားဟာ ကျွန်တော်တို့ဆီမှာ အခြေအနေနှစ်ပိုင်းနဲ့ပေါ်လာတယ်လို့ယူဆပါတယ်။ တစ်ပိုင်းကတော့ တရားမဝင်သွင်းလာတဲ့ကားတွေ ဖြစ်ပါတယ်။ နောက်တစ်ပိုင်းက အပ်ကုန်စနစ်နဲ့ တင်သွင်းထားတဲ့ကားတွေဟာ မရောင်းရင်ပြန်ပို့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိပြန်ပို့တာတွေမတွေ့ရတဲ့အတွက် ဒီကားတွေဟာ နံပါတ်တွေတပ် ပြီးသုံးစွဲနေနိုင်တဲ့အခြေအနေတစ်ခုရှိနေနိုင်ပါတယ်။ တရားမဝင်ကားတွေနဲ့ပတ်သက်ပြီး ဘယ်ကားဟာနံပါတ်နှစ်ခုရှိနေတယ်ဆိုတဲ့အဖြေတစ်ခုကိုတော့ မီးပွိုင့်တိုင်း မှာထုတ်နိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆို ကညနမှာ မှတ်တမ်းတင်ထားတဲ့ဖိုင်ကို ထည့်ထားမယ်ဆိုရင် မီးပွိုင့်ကိုဖြတ်သွားတာနဲ့ ဒီကားဟာ ကညနမှာမှတ်တမ်းတင်ထားတာဆလွန်းဖြစ်ပြီး အခုမောင်းသွား တာဟာဗင်ဖြစ်တယ်ဆိုရင်ချက်ချင်းပြမှာ ဖြစ်ပါတယ်”ဟု ပြောသည်။ ရန်ကုန်မြို့ရှိ မီးပွိုင့်များကို စောင့်ကြည့် ထိန်းချုပ်ရေးစနစ်ဖြင့်လုပ်ဆောင်ရန် CCTV များတပ်ဆင်ခြင်းနှင့် မီးပွိုင့်အသစ်များတပ် ဆင်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

About the author

Chanlay2028

Leave a Comment

%d bloggers like this: