ALL NEWS

နေပြည်တော်တွင် ဒရုန်းလွှတ်တင်ခဲ့သူများ ဖမ်းခံရပြီးနောက် သတင်းထောက်ဦးအောင်နိုင်စိုးအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းရှာဖွေခဲ့

Written by Chanlay2028

အောက်တိုဘာ ၂၈

တူရကီရုပ်သံမီဒီယာ TRT သတင်းဌာန စင်ကာပူရုံးခွဲ မှ သတင်းထောက်နှစ်ဦးအား လွှတ်တော်အဆောက်အဦအနီး ဒရုန်းလွှတ်တင်သောကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းရရှိသည်။

TRT သတင်းထောက်နှစ်ဦးဖြစ်သူ စင်ကာပူနိုင်ငံသား Lau Hon Meng နှင့် မလေးရှားနိုင်ငံသား Mok Choy Lin တို့နှင့်အတူ ဘာသာပြန်ဆောင်ရွက်နေသော သတင်းထောက် ဦးအောင်နိုင်စိုး နှင့် ယာဉ်မောင်း ဦးလှတင်တို့ကို ထိန်းသိမ်းခဲ့သည်ဟုသိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၇ ရက် နံနက် ၉နာရီ ၅၀ မိနစ်ခန့်တွင် ၎င်းတို့သည် နေပြည်တော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) အနီး၌ ဒရုန်းတစ်စင်းလွှတ်တင်နေကြောင်း ဆက်သွယ်အကြောင်းကြားချက်အရ ရဲမှူးဆန်းအောင် ဦးဆောင်သောအဖွဲ့က သွားရောက်စစ်ဆေးရာ MAVIC အမျိုးအစား ဒရုန်းခဲရောင်နှင့် Remote Control အားတွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ဖော်ပြထားသည်။ ကနဦးစစ်ဆေးချက်အရ မြန်မာနိုင်ငံ၏ ရှုခင်းများ၊ လှပသောအဆောက်အဦများ၊ ဘုရားစေတီနှင့် လွှတ်တော်အဆောက်အဦများကို ရိုက်ကူးခြင်းဖြစ်ကြောင်း လွှတ်တော်အဆောက်အဦအားရိုက်ကူးရန် ဒရုန်းလွှတ်တင်စဉ် လှည့်ကင်းအဖွဲ့မှ စစ်ဆေးခံရခြင်းဖြစ်ကြောင်း ပြန်ကြားရေးက ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အရေးကြီးနေရာတစ်ခုဖြစ်သည့် လွှတ်တော်အဆောက်အဦများအား ခွင့်ပြုချက်မရှိဘဲ ဒရုန်းဖြင့်ရိုက်ကူးခွင့်မရှိကြောင်းသိရသည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဒရုန်းဖြင့်ရိုက်ကူးရန်စီစဉ်သူများအား သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်းစုံစမ်းကြောင်းသာ ဖော်ပြထားသော်လည်း ထိုနေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့ဝင် ၂၅ ဦးခန့်က ဦးအောင်နိုင်စိုးနေထိုင်ရာ ရန်ကုန်မြို့ ၁၀၁လမ်းနေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဖို့မြေရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များပါဝင်ခဲ့ပြီး ၎င်းပိုင်ကွန်ပြူတာ မယ်မိုရီစတစ်များကို သိမ်းဆည်းကာ စာရွက်စာတမ်းများရှာဖွေစစ်ဆေးခဲ့ကြောင်း၊ ရှာဖွေချိန် နှစ်နာရီကြာမြင့်ကြောင်း ရိုက်တာသတင်းဌာနတွင်ဖော်ပြထားသည်။ ရဲတပ်ဖွဲ့ဝင်များသည် ဦးအောင်နိုင်စိုး၏ ကွန်ပြူတာကို ဖွင့်ရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ဟု မိခင်ဖြစ်သူ ဒေါ်သန္တာက ရိုက်တာသတင်းဌာနသို့ပြောသည်။

“ရှာဖွေဝရမ်းပြဖို့အတွက် ကျွန်မသူတို့ကိုပြောတယ်။ ဒါပေမဲ့ ရဲတွေက သူတို့အနေနဲ့ မူးယစ်ဆေးဝါးရှာဖွေတာမဟုတ်တာကြောင့် ဝရမ်းမလိုအပ်ဘူးလို့ ပြန်ပြောခဲ့တယ်” လို့ ဒေါ်သန္တာက ပြောကြောင်း ရိုက်တာတွင်ဖော်ပြထားသည်။ ဦးအောင်နိုင်စိုးနေအိမ်သို့ ဝင်ရောက်စီးနင်းရာတွင်ပါဝင်ခဲ့သော မင်္ဂလာတောင်ညွှန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ ဦးရဲဝင်းထွန်းက ရဲတပ်ဖွဲ့တွင် ရှာဖွေဝရမ်းမပါကြောင်းအတည်ပြုခဲ့သလို လိုလည်းမလိုအပ်ကြောင်း ပြောခဲ့သည်။

“မူးယစ်ဆေးဝါးသို့မဟုတ် ဖဲဝိုင်းတွေဝင်ရှာမှသာ ရှာဖွေပုံစံဝရမ်းလိုအပ်တာပါ။ အခုအခြေအနေက ဒေသခံအုပ်ချုပ်ရေးမှူးတစ်ယောက်ပါနေတာကြောင့် ဝင်ရှာလို့ရတယ်” ဟု ဦးရဲဝင်းထွန်းကပြောခဲ့ကြောင်း ရိုက်တာက ဖော်ပြသည်။

သတင်းထောက် ဦးအောင်နိုင်စိုးသည် နိုင်ငံတကာမီဒီယာအများအပြားနှင့် လက်တွဲကာ အလုပ်လုပ်ဖူးပြီး သတင်းထောက်အသိုင်းအဝိုင်းတွင် လူသိများသူဖြစ်သည်။ အဖမ်းခံထားရသော နိုင်ငံခြားသား သတင်းထောက်များနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးနှင့် မလေးရှားသံရုံးများသို့ အကြောင်းကြားထားကြောင်း ပြန်ကြားရေးက ဖော်ပြထားသည်။

Via : နိုင်သူရ

About the author

Chanlay2028

Leave a Comment

%d bloggers like this: